Memo,  Personal,  Photo,  Shouts

ရွှေတိဂုံကို မြင်လျှင် (revisit)

shwedagon_revisit_01

ပတိ႒ံ ပဗၺတမုဒၶနိ၊ ရမၼံ သုဝဏၰေစတိယံ။

အတိဒူရေ အဿုမုခေါ၊ ကထံ တံ အဘိဒက္ခိဏံ။

shwedagon_revisit_08

၇၀နှစ်များ

ရွှေတိဂုံကို အနောက်ဖက်မုခ်မှ တက်၍ ဘုရားဖူးလေ့ရှိသည်။ ငယ်စဉ်က အဖိုးဖြစ်သူနှင့် မနက်စောစော နေမထွက်ခင်  ရွှေတိဂုံသို့ လမ်းလျှောက်ထွက်လေ့ရှိသည်။ ငုဝါလမ်း၊ သစ်တောလမ်း၊ ရှမ်းလမ်းဘူတာရုံ၊ တရုတ်သံရုံး၊ ကလေးဆေးရုံရှေ့မှဖြတ်၊ ခရေပင်လမ်းထဲချိုး၊ မနော်ဟရီလမ်း၊ အလုံလမ်း၊ ဦးဝိစာရလမ်းမှတဆင့် ရွှေတိဂုံစေတီတော် အနောက်ဖက်မုခ်မှ တက်ဖြစ်ခဲ့သည်။ ကျောင်းပိတ်ရက် ဆောင်းတွင်း မနက်ခင်းများ ဖြစ်သည်။ မြူးတူးပျော်ပါးဆော့ကစားခဲ့သော အချိန်များကို ခုံမင်သည့် ကလေးဘဝတွင် ဘုရားသွားကျောင်းတက်သည့် ကိစ္စများသည် ထူးထူးခြားခြား မရှိလှပေ။ မှတ်မှတ်ရရ ပထမအကြိမ် ရှင်ပြုသည့်အခါ ရွှေတိဂုံရင်ပြင်တော်တွင် ရှင်လောင်းလှည့်သည့် အချိန်လေးကို သတိရမိသည်။ ရန်ကုန် အရှေ့ပိုင်းရှိ အဖိုးအဖွားများ အိမ်၌ နွေရာသီကျောင်းပိတ်ရက် နေပြီး ရန်ကုန် အနောက်ပိုင်းရှိ အဖိုးအဖွားများ အိမ်သို့ အပြန်တွင် ဦးလေးဖြစ်သူက BSAဆိုင်ကယ်ကြီးဖြင့် လိုက်ပို့၍ ဦးထောင်ဘိုကုန်းအတိုင်းဖြတ်စဉ် ရွှေတိဂုံကို လှမ်း၍ ဖူးမြင်ခဲ့ရသည်ကိုလည်း အမှတ်ရမိသည်။ ၇၀နှစ်များနှောင်းပိုင်း ကလေးဘဝ၏ အာရုံများထဲတွင် ရွှေတိဂုံပုံတော်သည် ထင်ထင်ရှားရှား မရှိခဲ့ပေ။

shwedagon_revisit_05

၈၀နှစ်များ

ရွှေတိဂုံကို အရှေ့ဖက်မုခ်မှ တက်၍ ဘုရားဖူးလေ့ရှိသည်။ ဗိုလ်မင်းရောင်လမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ သိမ်ဖြူလမ်း၊ သိမ်ဖြူကွင်း၊ ဆရာဝန်အသင်းတိုက်ရှေ့မှဖြတ်၊ ကန်တော်ကြီး ပတ်လမ်း၊ ဦးထောင်ဘိုလမ်းဆုံ၊ ဗဟန်းလမ်း၊ ကြားတောရလမ်း (တခါတရံ၊ ဗဟန်း ၁၊၂၊၃လမ်း၊ ရေတာရှည်လမ်းဟောင်း)တို့ကို ဖြတ်၍ အရှေ့ဖက်မုခ်မှ တက်ကာ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်ခဲ့သည်။ အရှေ့ဖက်မုခ်လမ်းကျဉ်းလေး၊ စောင်းတန်းကျဉ်းကျဉ်းလေးကိုလည်း သတိရမိသည်။ အပြန်တွင်မူ တောင်ဘက်မုခ် စောင်းတန်းမှ ဆင်း၍ ဦးထောင်ဘိုကုန်းမှ ကန်တော်ကြီးသို့ ဖြတ်ဆင်းလေ့ရှိသည်။ ဆောင်းကာလများတွင် အာရုဏ်မလာခင် လမ်းလျှောက်သွားခြင်းသည် အကောင်းဆုံး အချိန်ပင်။ ကန်တော်ကြီးဘက်မှနေ၍ ရွှေတိဂုံစေတီတော် ရှုမျှော်ခင်းသည်ကား မနက် နေ့လည် ည အချိန်မရွေး နွေမိုးဆောင်း ဥတုမရွေး ကြည်နူးဖွယ်အတိပင်။ ဆယ်ကျော်သက်ရွယ်၏ ခြေရှည်သောကာလများဖြစ်သည့် ရန်ကုန်မြို့ပြနေ့ညများတွင် သွားချင်ရာသွား၊ လာချင်ရာလာ၊ ဟိုရောက်ဒီပေါက်၊ ရွှေတိဂုံကုန်းတော်ပေါ် ရောက်လျှင်ဖြင့် ကြည်နူးအေးမြသော အရိပ်အာဝါသကို ခံစားမိတတ်လာခဲ့သည်။ အသိတရား သတိတရား လက်ကိုင်ထားသည့် အနေအထားမျိုးသို့ မရောက်သေးသည့် အရွယ်ဖြစ်၍ ဆွတ်ပျံ့ကြည်နူး အရူးအမူးကာလများသည်ကား မရှည်ကြာလှသော်လည်း အတိုင်းအတာတစ်ခုအထိ ဘဝအပေါ် သက်ရောက်မှုရှိသည်မှာ အမှန်ပင်။ ဟိုစပ်စပ် ဒီစပ်စပ် လှုပ်ရှားမှုများကို ခြေရာခံလိုက်ရင်း ၈၀နှစ်များနှောင်းပိုင်း ရွှေတိဂုံစေတီတော်အနောက်ဖက်မုခ်သို့ ရန်ကုန်လူထုနှင့်အတူ သွားဖြစ်ခဲ့သည့် နေ့တစ်နေ့ကိုတော့ဖြင့် မမေ့နိုင်ပေ။

shwedagon_revisit_03

၉၀နှစ်များ

ရွှေတိဂုံသို့ အရှေ့ဖက်မုခ်မှပင် တက်၍ ဘုရားဖူးလေ့ရှိသည်။ သို့သော် ခြေလှမ်းများသည်  ယခင်ကဲ့သို့ မဟုတ်တော့။ ရင့်ကျက်သည်ဟုလည်း ပြောရန် မသင့်သေးပေ။ ပုံမှန်မဟုတ်သော အတွေးအမြင် အပြုအမူများဖြင့် ရှေ့ဆက်ရမည့် ဘဝလမ်းခရီးကို ရွေးချယ်ဖို့ ကြိုးစားရင်း အပြောင်းအလဲ တစ်ခုဆီသို့ တွန်းပို့ခဲ့သည့် ကာလများဟုသာ ဆိုချင်သည်။ တည်ငြိမ်သော အေးမြသော ဖြူစင်သော ဘဝမှတ်တိုင်များကို စိုက်ထူဖို့ရာ အခွင့်အခါကောင်းတစ်ခု ပေါ်ထွန်းလာချိန်မှာ ရွှေတိဂုံစေတီတော်သည်ကား နားခိုရာ ဖြစ်ခဲ့သည်။ တောင်ဘက်မုခ်စောင်းတန်းမှ စာအုပ်ဆိုင်တန်းများသည်လည်း ငေးမောကျက်စားရာဖြစ်ခဲ့သည်။ အတွယ်အတာ အတမ်းအတများကို အတားအဆီးများအနေနှင့် ယူဆမိခိုက် အနှောင်အဖွဲ့မှ လွတ်မြောက်လိုစိတ်သည် အမှားအယွင်းမရှိဟု ယုံကြည်နေမိခဲ့သော အခိုက်အတံ့များ ဖြစ်ခဲ့သည်။ ဘဝလမ်းခရီးတွင် အသွင်အပြင် ကွဲပြားသည့် တစ်ဆစ်ချိုးအကွေ့၌ အရှိန်မပြင်းသဖြင့် ကိုယ်ဟန်မပျက်ခဲ့သော်လည်း အဟောင်းအမြင်းဆီသို့သာ ဝဲလည်နေတတ်သော စိတ်အစဉ်ကို ထိမ်းကျောင်းရသည့် အလုပ်သည် မလွယ်ကူ။ သို့သော် အစားထိုး လုပ်ငန်းများသည် အဆင်သင့်။ အသစ်အသစ်များ၏ ဆွဲဆောင်မှု၌ စိတ်ရောကိုယ်ပါ မြုတ်နှံ၍ လုပ်ကိုင်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချဖြစ်သည်မှာ ကံကောင်းခြင်းပင်ဖြစ်သည်။ စိတ်ကစား၍ တွေဝေပူလောင်သည့် အခြေအနေများတွင် ရွှေတိဂုံ၏ အရိပ်အာဝါသသည်ကား အငြိမ်းဆေးတစ်ခွက်ပင်။

shwedagon_revisit_07

၂၀၀၀နှစ်များ

ရွှေတိဂုံသို့ အရှေ့ဖက်မုခ်မှပင် တက်၍ ဘုရားဖူးလေ့ရှိသည်။ သို့သော် ရွှေတိဂုံနှင့် ဝေးသော အရပ်ဒေသများတွင် နေထိုင်ရင်း ရန်ကုန် ပြန်ရောက်ခိုက် ရွှေတိဂုံသို့ အပြေးအလွှား သွားရောက်ဖူးမျှော်ရသည့် ကာလများပင်။ ရန်ကုန် ပြန်လျှင် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများထဲတွင် ရွှေတိဂုံဘုရားဖူးခြင်းသည် ထိပ်ဆုံးမှ ဖြစ်သည်။ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရသည့် အခိုက်အတံ့များတွင် ဝေးဝေးကသာ လွမ်းရသော အခြေအနေများ ကြုံတွေ့ရသည်မှာ ထူးဆန်းသည်ဟု မဆိုနိုင်။ အမိမြေမှ အလှမ်းဝေးသည့် အရပ်ဒေသတွင် နေထိုင်ခိုက် ကံအကြာင်းမလှ မြို့ဟောင်းဖြစ်သွားသည့် မဟာရန်ကုန်ကို တသသ တမ်းတမိရင်း ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရောင်ဝါတဝင်းဝင်း ထာဝရ သစ်လွင်တောက်ပမှုကို မှန်းရော်၍ ပူဇော်ရသည့် အခြေအနေကား ယနေ့တိုင်ပင်။ အပြန်လမ်းကား ခဏခဏ မကြုံ။ ကံကောင်းလျှင် တစ်နှစ်တစ်ခေါက်။ တခါတရံ ၂နှစ်တစ်ခေါက်။  ယခုမူ ၄နှစ်ကြာခဲ့ပြီ။ ဝေးဆဲ ကွာဆဲ။ အချိန်တန်ရင်မှ အိမ်ပြန်ရပါ့မလား…မြတ်ဘုရား ရွှေတိဂုံ…။

shwedagon_revisit_06

*** WordPressပေါ် ရောက်တာ ၄နှစ်ပြည့်ပြီဆိုပြီး Happy Anniversary! messageလေးကို wordpressက လှမ်းပို့တယ်။ ၂၀၀၉ ရန်ကုန် ခဏပြန်ရောက်ခိုက် မေ ၁၈မှာ wordpress accountဖွင့်၊ blogspotပေါ်မှာ ၂နှစ်ကြာ ရေးထားခဲ့သမျှ  postတွေ wordpressထဲ ဆွဲထည့်၊ postအသစ်တစ်ခု တင်ဖြစ်ခဲ့တာ။ အင်း… ခုဆို ၄နှစ်တောင် ကြာခဲ့ပြီ။ မဟာရန်ကုန်ကို လွမ်းလျ ရွှေတိဂုံကို တမ်းတမိအောင် လက်တို့တဲ့ messageပေတကား။

Leave a Reply

Your email address will not be published. Required fields are marked *