• Memo,  Personal,  Photo,  Shouts

    ရွှေတိဂုံကို မြင်လျှင် (revisit)

    ပတိ႒ံ ပဗၺတမုဒၶနိ၊ ရမၼံ သုဝဏၰေစတိယံ။ အတိဒူရေ အဿုမုခေါ၊ ကထံ တံ အဘိဒက္ခိဏံ။ ၇၀နှစ်များ ရွှေတိဂုံကို အနောက်ဖက်မုခ်မှ တက်၍ ဘုရားဖူးလေ့ရှိသည်။ ငယ်စဉ်က အဖိုးဖြစ်သူနှင့် မနက်စောစော နေမထွက်ခင်  ရွှေတိဂုံသို့ လမ်းလျှောက်ထွက်လေ့ရှိသည်။ ငုဝါလမ်း၊ သစ်တောလမ်း၊ ရှမ်းလမ်းဘူတာရုံ၊ တရုတ်သံရုံး၊ ကလေးဆေးရုံရှေ့မှဖြတ်၊ ခရေပင်လမ်းထဲချိုး၊ မနော်ဟရီလမ်း၊ အလုံလမ်း၊ ဦးဝိစာရလမ်းမှတဆင့် ရွှေတိဂုံစေတီတော် အနောက်ဖက်မုခ်မှ တက်ဖြစ်ခဲ့သည်။ ကျောင်းပိတ်ရက် ဆောင်းတွင်း မနက်ခင်းများ ဖြစ်သည်။ မြူးတူးပျော်ပါးဆော့ကစားခဲ့သော အချိန်များကို ခုံမင်သည့် ကလေးဘဝတွင် ဘုရားသွားကျောင်းတက်သည့် ကိစ္စများသည် ထူးထူးခြားခြား မရှိလှပေ။ မှတ်မှတ်ရရ ပထမအကြိမ် ရှင်ပြုသည့်အခါ ရွှေတိဂုံရင်ပြင်တော်တွင် ရှင်လောင်းလှည့်သည့် အချိန်လေးကို သတိရမိသည်။ ရန်ကုန် အရှေ့ပိုင်းရှိ အဖိုးအဖွားများ အိမ်၌ နွေရာသီကျောင်းပိတ်ရက် နေပြီး ရန်ကုန် အနောက်ပိုင်းရှိ အဖိုးအဖွားများ အိမ်သို့ အပြန်တွင် ဦးလေးဖြစ်သူက BSAဆိုင်ကယ်ကြီးဖြင့် လိုက်ပို့၍ ဦးထောင်ဘိုကုန်းအတိုင်းဖြတ်စဉ် ရွှေတိဂုံကို လှမ်း၍ ဖူးမြင်ခဲ့ရသည်ကိုလည်း အမှတ်ရမိသည်။ ၇၀နှစ်များနှောင်းပိုင်း ကလေးဘဝ၏ အာရုံများထဲတွင် ရွှေတိဂုံပုံတော်သည် ထင်ထင်ရှားရှား မရှိခဲ့ပေ။ ၈၀နှစ်များ ရွှေတိဂုံကို အရှေ့ဖက်မုခ်မှ တက်၍ ဘုရားဖူးလေ့ရှိသည်။ ဗိုလ်မင်းရောင်လမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ သိမ်ဖြူလမ်း၊ သိမ်ဖြူကွင်း၊ ဆရာဝန်အသင်းတိုက်ရှေ့မှဖြတ်၊ ကန်တော်ကြီး ပတ်လမ်း၊ ဦးထောင်ဘိုလမ်းဆုံ၊ ဗဟန်းလမ်း၊ ကြားတောရလမ်း (တခါတရံ၊ ဗဟန်း ၁၊၂၊၃လမ်း၊ ရေတာရှည်လမ်းဟောင်း)တို့ကို ဖြတ်၍ အရှေ့ဖက်မုခ်မှ တက်ကာ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်ခဲ့သည်။ အရှေ့ဖက်မုခ်လမ်းကျဉ်းလေး၊ စောင်းတန်းကျဉ်းကျဉ်းလေးကိုလည်း သတိရမိသည်။ အပြန်တွင်မူ တောင်ဘက်မုခ် စောင်းတန်းမှ ဆင်း၍ ဦးထောင်ဘိုကုန်းမှ ကန်တော်ကြီးသို့ ဖြတ်ဆင်းလေ့ရှိသည်။…

  • Note,  Travel

    ရွှေတိဂုံကိုမြင်လျှင်

    တောက်လို့သာ ကဲတော့တယ် ပေါက်ဆဲ သူရိန်လို ဘူမိန္ဒာမြေရိုက်တွင်မှ ရွှေသိုက်စောင်ပေါ်ထွန်းလို့ မော်ကွန်းအောင်လံထူးပါဘိ တောင်ညွှန့်ရင်… ဆိုပြီး စာအုပ်တစ်အုပ် (ရွှေတိဂုံစေတီတော်သမိုင်းလို့ထင်တယ်)ထဲက ရခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးကို မှီးပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြန်စီထားတာလေး ရှိတယ်။ ဒီလို… တင့်လို့သာထွန်းတော့တယ် ပြည့်ဝန်း စန္ဒာလို သန္တာပြာတိမ်ဖျားတွင်မှ ငွေသားရောင်ပေါ်လင်းလို့ မှန်ကင်းအောင်လံထူးပါဘိ စိန်ဖူးရှင်… ရေးခဲ့တာ ကြာလှနေပြီ။ အခု ရွာခဏပြန်ရောက်တုန်း Sakura Towerပေါ်ကနေ ဖူးမြင်ရတဲ့အခါ ပြန်ပြီး သတိရမိတယ်။ အော်…ဝေးဝေးကသာ လွမ်းရပါတော့သည်…။