အသောကခြေရာ (၆)
ဤခရီးနီးသလား၊ ငါးနာရီ လာရ၏တဲ့။ ဘယ်လို ခရီးလဲတော့မသိ။ ကိုယ့်သွားရမယ့် ခရီးကခမျာ အကြောင်းမညီညွတ်တော့ ၇နှစ်ကြာတယ်။ ၂၀၀၆ခုနှစ်က စတင်သိရှိ သင်ကြားလေ့လာခဲ့ရတဲ့ အသောကကျောက်စာတစ်ချပ်ကို ၇နှစ်ကြာမှ မျက်ဝါးထင်ထင် မြင်ခွင့်ရခိုက် ခံစားရတဲ့ အရသာကတော့ ပြောမပြနိုင်လောက်အောင်ပါပဲ။
Kolkataက The Asiatic Society ပြတိုက်ထဲမှာ သိမ်းဆည်းပြသထားတဲ့ Bairat-Bhabraကျောက်စာကို တွေ့ရဖို့ အချိန်အတော်ကြာ စောင့်ခဲ့ရတယ်။ ခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။ သွားခဲ့ရတဲ့ ခရီးကတော့ အတော် ရှည်တယ်။
၂၀၁၃ နိုဝင်ဘာ ၂၈မှာ Chandigarhကနေ Delhiကို Busနဲ့။ ပြီးတော့ ၂၉ရက်နေ့မှာ Gayaကို လေယာဉ်နဲ့။ Buddhagayaက မဟာဗောဓိစေတီတော်မှာ ကျင်းပတဲ့ 9ကြိမ်မြောက်Int’l Tipitaka Chantingပွဲတက်။ ၆ရက်နေ့ Gayaကနေမှ ရထားနဲ့ထွက်။
Kolkataကို ရရက်နေ့မှာ ရောက်၊ The City of Joyလို့ တင်စားခံရတဲ့ Kolkataကို မရောက်တာ ၆နှစ်ရှိနေပြီ။ Howrahဘူတာရုံကြီးကို မှတ်မိနေသေးတယ်။ Rabindraတံတားရယ်၊ Hooghlyမြစ်ရယ်၊ အာရုံဦးရယ်က Kolkataမှ ကြိုဆိုပါ၏လို့ ပြောနေသလိုပင်။
စနေ၊တနင်္ဂနွေ ၂ရက် ပြတိုက်ပိတ်ထား။ ကံဆိုးချင်တော့ Kolkataက Indian Museumကြီးလဲ ပြင်ဆင်ရေးလုပ်နေတာနဲ့ ပိတ်ထားလို့ မကြည့်ရ။ ၇ရက်နေ့ မနက်စာနဲ့ နေ့လည်စာ များသွားလားမသိ။ အစာမကြေဖြစ်ပြီး အအေးမိ ဖျားချင်သလိုလိုဖြစ်။
၈ရက်နေ့ တစ်နေ့လုံး ဘယ်မှ မသွားနိုင်။ ၉ရက်နေ့ မနက်ပိုင်းမှာ Asiatic Societyပြတိုက်ဖွင့်တာနဲ့ ဝင်ကြည့်ခဲ့ရတယ်။ ကျောက်စာကို ဓာတ်ပုံရိုက်ခွင့် လျှောက်လွှာတင်ပြီး မွန်းလွှဲပိုင်းမှာ ဓာတ်ပုံရိုက်(ဗီဒီယိုလဲ မသိမသာ ရိုက်ခဲ့)ပြီး ညနေမှာ Kolkataကနေ Buddhagayaကို ပြန်လာခဲ့တယ်။ ၁၆ရက်နေ့မှာ Gayaကနေ Delhiကို ပြန်ခဲ့ပြီး ၁၈ရက်နေ့မှပဲ Chandigarhကို ပြန်ရောက်တော့တယ်။
ဒီကျောက်စာရဲ့ မူရင်းနေရာက Rajasthanပြည်နယ် ရှေးဟောင်းမြို့တော်Bairat (Virat Nagar)အနီး Bhabraရွာ တောင်ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းပျက်ထဲမှာလို့ဆိုတယ်။ တရုတ်ဘုန်းတော်ကြီးXuánzàngလဲ ဒီနေရာကို ရောက်ခဲ့သတဲ့။ အဲဒီနေရာကို တစ်ခေါက်လောက်တော့ ရောက်ချင်သေးတယ်။ အကြောင်းညီညွတ်ရင်ပေါ့လေ။ ၁၈၄၀မှာ Captain Burtက ရှာဖွေ့တွေ့ရှိပြီး Kolkataက Asiatic Society of Bengalကို ပြောင်းရွှေ့သယ်ယူထားခဲ့တယ်။ အခုအခါ ASBကနေ နာမည်ပြောင်းထားတဲ့ The Asiatic Societyရဲ့ ပြတိုက်ထဲမှာ လုံခြုံစွာနဲ့ ခင်းကျင်းပြသထားလေရဲ့။
၃၈လက်မခန့် မျက်နှာပြင်ရှိ၊ ညာဘက်မှာ ၂၇လက်မခန့် မြင့်၊ ဘယ်ဘက် ၁၃လက်မခန့် မြင့်၊ ၁၁လက်မခန့် ထုရှိတဲ့ Gray Graniteကျောက်တုံးကြီးကို မြင်လိုက်ရတော့ MPhil vivaထိုင်တုန်းက Supervisorက ဒီကျောက်တုံးကြီးကို မြင်ဖူးလားလို့ မေးခဲ့တာကို သတိရမိတယ်။ ခုတော့ မြင်ရုံတင်မကဘူး။ ကိုင်တောင် ကြည့်ခဲ့ရတယ်။ မျက်မမြင်စာတွေလို ကျောက်တုံးပေါ်က စာတွေကို လက်နဲ့ စမ်းပြီးတော့ကို ဖတ်လို့ရတယ်။
ပိယဒဿီ ရာဇာ အစချီတဲ့ ဒီကျောက်စာကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖတ်ခဲ့ရတာ တကယ့် အရသာပါပဲ။ ပြတိုက်တာဝန်ခံ ဒေါ်ကုလားမက ကျောက်စာဖတ်တတ်မတတ် ပညာလာစမ်းနေလို့ ဒီကျောက်စာကို အလွတ်ရကြောင်းပြောပြီး သိထားသမျှ အထူးသဖြင့် ဓမ္မပရိယာယနဲ့ ပတ်သက်ပြီး ကြွားလုံးထုတ်နေရတာနဲ့ ဓာတ်ပုံရိုက်တာတောင် နည်းသွားတယ်။ ဒီကျောက်စာလေး တစ်ချပ်ကို ကြည့်ရဖို့ မိုင်၁၀၀၀ကျော်အဝေးကနေ လာခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ရူးသွပ်မှုကို မသိလေရော့သလား။
ကျောက်စာမိတ္တူပါ။ Alexander Cunninghamရဲ့ Inscriptions of Asokaစာအုပ်ထဲကပါ။ မြန်မာမူနဲ့ ဘာသာပြန်တွေကိုတော့ bolgပေါ်တင်ထားတာ ၅နှစ်ကျော်နေပြီ။ ဒီမှာ သွားကြည့်ပါ။ Meena Talimရဲ့ Edicts of King Aśoka: A New Visionစာအုပ်ထဲမတော့ မူရင်း Prakritကနေ Pāḷiဘာသာနဲ့ ပြန်ရေးထားတာ ဖတ်ရတယ်။ ဒါလဲ အရသာတစ်မျိုးပါပဲ။
ဒီကျောက်စာနဲ့ ပတ်သက်ပြီး သုတေသနစာတမ်းတစ်စောင် ရေးနေတာ။ ၃နှစ်ရှိပြီ။ မပြီးနိုင်သေးဘူး။ ဒီကျောက်စာကြီးကို မမြင်မတွေ့ရသေးတဲ့အတွက် အဆုံးမသတ်နိုင်သေးတာလို့ ခံစားခဲ့ရတယ်။ အခုတော့ မြင်ပြီးပြီ။ ဒီတော့ စာတမ်းလဲ မကြာခင် အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဒါပြီးရင်တော့ မရောက်ရသေးတဲ့ အသောကခြေရာတွေနောက် တကောက်ကောက်လိုက်ဖို့ အခွင့်အလမ်းတွေ ရလာလိမ့်မယ်လို့လဲ မျှော်လင့်နေတယ်။ ဤခရီး နီးသလားပေါ့…။
0 Comments
nayla
အဟမ်း … ကျောက်တုံးနဲ့စာက ကျောက်တုံးက ပိုများနေတယ်နော်
ကိုယ်ကတော့ ဒေါက်တာဘွဲ့ကို နတ္ထိဖိုတိုအိုင်ဒီယာနဲ့ ယူရင်ကောင်းမလားလို့ ……..။
နတ္ထိ
ကျောက်တုံးက တစ်တုံးထဲလေ။ ပတ်ရိုက်ထားတာ 🙂
ဥဒေတယံကို new interpretationလေးနဲ့ Ph.D.လုပ်ရင် ပိုကောင်းမယ်နော 😀