အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၈)
Meena Talimရဲ့ Edicts of King Aśoka: New Visionစာအုပ်ထဲက Dhauliနဲ့ Jaugadaကလိင်္ဂကျောက်စာ ပါဠိမူများပါ။ ကလိင်္ဂကျာက်စာရှိတဲ့နေရာကို သွားနိုင်ဖို့ ဘယ်လောက်များ အချိန်ယူရအုံးမလဲတော့ မသိဘူး။ အကွာအဝေးက သိပ်မများပေမယ့် အကွာအဟက များနေတာ ခက်တယ်။ အိပ်မက်ကတော့ မက်နေအုံးမှာပါ။ ကျောက်စာရှိတဲ့နေရာရောက်တော့လဲ ကျောက်တုံးကြီးတွေပေါ်က စာတွေကို ဖတ်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြင်နဲ့ အတွေ့တွေက အနေအထားတစ်မျိုးပြောင်းသွားနိုင်တယ်။
စစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ သိနားလည်ဖို့ စစ်သားတစ်ယောက်ဖြစ်ဖို့လိုအပ်သလား။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်ဖို့ လိုအပ်သလား။ Commander in Chiefတစ်ယောက်လို တိုက်မိန့်ပေးတတ်ဖို့ လိုသလား။ Peacemakerတစ်ယောက်လို နားချတတ်ဖို့ လိုသလား။ အသေခံဗုံးခွဲဖို့ လိုသလား။ ဝတ်ပြုဆုတောင်းဖို့ လိုသလား။ သေနတ်ပြောင်းဝက ကျည်ဆံ တစ်တောင့်လို အားကောင်းဖို့ လိုသလား။ ချိုးငှက်နှတ်ခမ်းကြားက သံလွင်ခက်လို ပျော့ပြောင်းဖို့ လိုသလား။
ဘီစီ ၃ရာစုက ရေးထိုးထားခဲ့တဲ့ ကလိင်္ဂကျောက်စာဟာ စစ်ပြေငြိမ်းရေးစာချုပ်တစ်ခု မဟုတ်တာတော့ သေချာတယ်။ စစ်အောင်ပွဲခံ မော်ကွန်းတစ်ရပ်လဲ မဟုတ်နိုင်။ ထူးခြားတာ တစ်ခုက ကလိင်္ဂကျောက်စာတွေထဲမှာ ဝိဇယဆိုတဲ့ အသုံးအနှုံး မပါတာပါပဲ။ ဓမ္မဝေါဟာရကလဲ ရှားရှားပါးပါး ၂လုံးပဲ ပါတယ်။ ကလိင်္ဂစစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးထိုးထားတဲ့ ပဓာနကျောက်စာကြီး အမှတ်စဉ် (၁၃)ကို ကလိင်္ဂဒေသမှာ မတွေ့ရတာကလဲ ထူးခြားတာပဲ။ ဘာပဲဖြစ်ဖြစ် စစ်ပွဲအပြီးမှာ ပေါ်ထွက်လာတဲ့ အသောကရဲ့ သက်ပြင်းရှိုက်သံတွေကို ကလိင်္ဂကျောက်စာကတဆင့် ခံစားကြားသိနိုင်တာကတော့ အမှန်ပါပဲ။
ကလိင်္ဂကျောက်စာကြီးတွေ ရှိရာအရပ်ကို ရောက်ရင်တော့ ဒီစစ်ပွဲကြီးပြီးရင် ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဘာသာပြန်ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ အခုတော့ စာအုပ်ထဲက ဒီကျောက်စာကို ဖိုင်ဘာကြိုးမျှင်တွေထဲ မျှောထည့်လိုက်တော့မယ်…။