Photo,  Quote,  Travel

အသက်…ရေ

တောင်ပေါ်က ဆင်းလာတဲ့ မြစ်တစ်စင်း မြေပြန့်ကို ရောက်တဲ့ နေရာတစ်ခုက ဘာများ အရေးပါသလဲ။

အထူးအဆန်းမဟုတ်ပေမယ့် နာမည် လှလှနဲ့ မြစ်တစ်စင်းမို့ စိတ်ဝင်စားစရာကောင်းတယ်။

ဒဏ္ဍာရီထဲက…

နေမင်းရဲ့ သမီးတဲ့…

ယမမင်းရဲ့ အမွှာညီမတဲ့…

ဟိမဝန္တာတောင်တန်းပေါ်က Yamunotriကနေစတင်ဖြစ်ပေါ်လာပြီး

Uttarakhanပြည်နယ်ထဲက Doonတောင်ကြားကို ရောက်တဲ့အခါ

Katta Patharရွာမှာ မြေပြန့်ထဲကို စီးဝင်းတယ်။

သန့်ရှင်းတယ်၊

လတ်ဆတ်တယ်၊

တည်ငြိမ်တယ်၊

အေးချမ်းတယ်။

ကမ်းပါးရံပေါ်က ကြည့်လဲ လှတာပဲ။

ကမ်းနံဘေးက ကြည့်လဲ လှတာပဲ။

ဒီနေရာလေးမှာ ရေဆင်းချိုးခဲ့တယ်။

ကြည်လို့…စိမ်းလို့…

စိမ့်…စိမ့်…အေးလို့…။

ဆန်းတော့ ဆန်းတယ်။ ဂင်္ဂါမြစ်ဖျား Haridwar ရောက်ခဲ့ပေမယ့် ရေမချိုးဖြစ်ခဲ့ဘူး။ ဂင်္ဂါ ယမုနာ သရသွတီမြစ် သုံးပွင့်စုံ Triveni Samgam ရောက်တော့လဲ ဒီလိုပဲ။ မျက်နှာသစ် ခြေလက် သန့်စင်ရုံလောက်ပဲ။ ဒီနေရာတွေက အိန္ဒိယတလွှားက လူပေါင်းများစွာ ရေလာချိုးတဲ့ နေရာတွေ။

အခု ယမုနာ မြစ်ဖျား ရောက်တော့မှပဲ ဇတ်တော်ထဲက ဂါထာမှာ ဆိုတဲ့အတိုင်း ရေဆင်းချိုးဖြစ်တော့တယ်။

မယူရကောဉ္စာဘိရုဒံ၊ နီလောဒံ ဝနမဇ္ဈတော။

ယမုနံ ပဝိသ မာ ဘီတော၊ ခေမံ ဝတ္တဝတံ သိဝံ။

ဥဒေါင်းကြိုးကြာတို့ ကျူးရင့်သံတို့ဖြင့် သဲသဲညံသော၊

စိမ်းလဲ့ညိုသော ရေအလျဉ်ရှိသော၊

တောအုပ်အလယ်၌ စီးဆင်းနေသော၊

သူတော်သူမြတ်တို့၏ ဘေးကင်းအေးချမ်းရာဖြစ်သော

ယမုနာမြစ်ထဲသို့

မကြောက်မရွံ့ပဲ

ဝင်လိုက်ပါ။

Delhiမှာ နေခဲ့တုန်းက ယမုနာမြစ်ထဲမှာ ရေချိုးဖို့ ပြောလာရင် ရူးနေလားလို့ ပြန်ပြောဖြစ်မယ်။ ဟုတ်တယ်။ ယမုနာဟာ ဒေလီရောက်တဲ့အခါ မြစ်ထဲမှာ သဘာဝရေတစ်စက်မှ မရှိတော့လို့ သေလုမျောပါးဖြစ်နေပြီ။ “Jijīviṣā” Will to live ဆိုတဲ့ Documentaryကိုသာ ကြည့်ပါ။ Save Yamunaကိုလဲ အားပေးပါ။

စိရံ ဇီဝတု ယမုနာ၊ အနာဝိလာ မဟာနဒီ။

ယမုနာမြစ်မဟာ အသက်ရှည်ကြာ စင်ကြယ်ပါစေ !!!

0 Comments

Leave a Reply

Your email address will not be published. Required fields are marked *