လှစ်ဟထားတဲ့ ဂင်္ဂါတံခါး
မနက်ခင်းက ဝေေ၀၀ါးဝါး။
လျှောက်ခဲ့တဲ့ လမ်းမှာ စမ်းတ၀ါးဝါး။
ရောက်ခဲ့တာက မြစ်ကမ်းနံပါး။
ဂင်္ဂါ နဒီ သမုဒ္ဒနိန္နာ သမုဒ္ဒပေါဏာ သမုဒ္ဒပဗ္ဘာရာ။
သမုဒ္ဒရာဆီသို့ သက်ဝင်ကိုင်းညွှတ်နေတဲ့ ဂင်္ဂါမြစ်ဟာ အပြေးအလွှား…။
ရန်ကုန်မြစ်, လှိုင်မြစ်, ပုဇွန်တောင်ချောင်း, ငမိုးရိပ်ချောင်း ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတဲ့ ကိုယ့်ရဲ့ စိတ်အလျဉ်ကို တသွင်သွင် စီးနေတဲ့ ဂင်္ဂါမြစ်က ညှို့ယူဖမ်းစားနေတာ အမှန်ပဲ။
ဂင်္ဂါမြစ်ကမ်းနဘေး ရောက်ဖို့ ဘယ်လောက်များ စောင့်လိုက်ရသလဲ။ လွန်ခဲ့တဲ့၅နှစ်ကျော် အိန္ဒိယစရောက်တဲ့အချိန် ကာလကတ္တားရောက်တော့ ဂင်္ဂါကို အဝေးက လှမ်းမြင်ခဲ့ရ။ လွဲလိုက်ပုံက ဗာရာဏသီကို ၂ကြိမ်ရောက်ခဲ့တာတောင် ဂင်္ဂါနားကို မသီခဲ့ရ။ ရောက်မယ့်ရောက်တော့လဲ “ဂင်္ဂါဒွါရ” ဂင်္ဂါတံခါးဝဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တယ်။
ဟိမ၀န္တာက “ဂေါမုခ”လို့ခေါ်တဲ့ Gangotri Glacier ကနေ မြစ်ဖျားခံလာတဲ့ ဂင်္ဂါမြစ် မြေပြန့်လွင်ပြင်ထဲ စတင်စီးဝင်တဲ့ နေရာကို ဂင်္ဂါဒွါရလို့ ခေါ်တယ်။ အခုတော့ Haridwarတဲ့။ Dwar of Hari (Gateway to God)လို့ ဆိုလိုတယ်။
အယံ ဘာဂီရထီ ဂင်္ဂါ, ဟိမဝန္တာ ပဘာဝိတာ။
မဟာသမုဒ္ဒမပ္ပေတိ, တပ္ပယန္တီ မဟောဒဓိံ ။
ဘာဂီရထီ”လို့ ခေါ်တဲ့ ဂင်္ဂါမြစ်ဟာ
ဟိမ၀န္တာကနေ မြစ်ဖျားခံလာပြီး
ရေထုထည် ပြည့်လျှံအောင်
သမုဒ္ဒရာထဲ စီးဝင်တယ်။
သမုဒ္ဒရာထဲရောက်အောင် ကီလိုမီတာ ၂၅၀၀ကျော် ဖြတ်သန်းစီးဆင်းနေတဲ့ ဂင်္ဂါမြစ်ရဲ့ တံခါးဝကို ရောက်ခဲ့ရတာ တကယ့် အရသာ။ အမြင့်မြတ်ဆုံး မြစ်လို့ သတ်မှတ်ထားတဲ့ ဂင်္ဂါကမ်းနဘေး ရောက်ခဲ့မိတာ ရာဇ၀င်များရဲ့ လျို့ဝှက်ချက်တို့ သိမ်းဆည်းထားတဲ့ ပုဂံက ဧရာဝတီမြစ်ကမ်းနား ရောက်ခဲ့ရတဲ့ အရသာနဲ့လဲ မတူတတ်ဘူး။ ရောက်ခဲ့ဘူးတဲ့ ဧရာဝတီမြစ်ကမ်းနဘေးတွေရဲ့ ပုံရိပ်က ရိုးရှင်းတယ်။ ပွင့်လင်းတယ်။ ထုံးဖြူဖြူ စေတီပုထိုးတွေနဲ့ မန္တလေး, မင်းကွန်း, စစ်ကိုင်းက တောင်ရိုးတွေရဲ့ အရိပ်အောက်မှာ ဧရာဝတီဟာ တသိမ့်သိမ့် စီးဆင်းနေတာကို မြင်ရတာလဲ အရသာတမျိုးပါပဲ။ အမိဧရာဝတီလို့ ခေါ်ဆိုတမ်းတ, အခမ်းနားဆုံးသော သက်ရှိကဗျာလို့ နှောင်ဖွဲ့လွမ်းလျမိတဲ့ မြစ်ဧရာရေယာဉ်တကြောမှာ မတွေ့နိုင်တဲ့ ယုံကြည်သက်ဝင်မှုနဲ့ ထုံမွှမ်းထားတဲ့ သိမ်မွေ့ဆန်းကြယ်တဲ့ သဘောတရားတခုကို ဂင်္ဂါမှာ တွေ့ရမယ်။
ဟိမ၀န္တာမှ ဖြာဆင်းလာတဲ့ အအေးလှိုင်းနဲ့အတူ Haridwarမြို့ရဲ့ ဆောင်းမနက်ခင်းက အေးစိမ့်နေတာ။ ဟိမ၀န္တာက သက်ဆင်းလာတဲ့ ရေလှိုင်းနဲ့အတူ ဂင်္ဂါရေပြင်ကလဲ အေးစိမ့်နေတာ။ မျက်နှာသစ်ဖို့တောင် အတော် စဉ်းစားယူနေရတဲ့ အချိန်မျိုးမှာ…။ ဂင်္ဂါဒွါရမှာတော့ အညစ်အကြေးတွေကို ခ၀ါချဖို့ လှုပ်လှုပ်ရှားရှား ဖြစ်နေပြီ။
ပန်းရောင်အနွေးထည်နဲ့ ကောင်လေးတစ်ယောက် အမိဂင်္ဂါရဲ့ သန့်စင်တဲ့ ရေအလျဉ်ကို ထိတွေ့ဖို့ ခပ်တွန့်တွန့် ဖြစ်နေတာ…။
အဖေက ဒီလို ပြောမယ်… “Verily, Ganga is the path to heaven of those that have bathed in her current.”
သားက ဒီလို ပြန်ပြောမယ်…“Papa, don’t preach!!!”
C’mon…!!!
Don’t call me again!!!
အဖေကတော့ ဒီလို တိုင်တည်လို့…Mother Ganga, wash my impurities away!!!
သားကတော့ ဒီလို တမ်းတလို့…Mom, help me!!!
ပိဋကတ်ထဲမှာ ဒီလို တွေ့ရတယ်။
‘‘လောက္ခသမ္မတာ ဟိ, ဘော ဂေါတမ, ဗာဟုကာ နဒီ ဗဟုဇနဿ, ပုညသမ္မတာ ဟိ, ဘော ဂေါတမ, ဗာဟုကာ နဒီ ဗဟုဇနဿ, ဗာဟုကာယ ပန နဒိယာ ဗဟုဇနော ပါပကမ္မံ ကတံ ပဝါဟေတီ’’တိ။
ရှင်တော် ဂေါတမ, ဗဟုကာမြစ်က လူတွေအတွက် သန့်ရှင်းစင်ကြယ်ခြင်းကို ပေးစွမ်းနိုင်တယ်။ မြင့်မြတ်တဲ့ မြစ်လို့ သတ်မှတ်ထားကြတယ်။ တကယ်တော့ လူတွေဟာ ပြုလုပ်ထားသမျှ မကောင်းမှုကို ဗဟုကာမြစ်မှာ ဆေးကြောပစ်တာပါ။
ဒီလိုဆိုတော့ Purifiedမိသားစုလို့ ခေါ်နိုင်တာပေါ့။
အမှောင်ရိပ် ကြီးစိုးလားပေမယ့် ခေါင်းလောင်းထိုးသံတွေကြားမှာ တငြိမ့်ငြိမ့်နဲ့ ပဲ့တင်ထပ်နေတဲ့ ဂင်္ဂါညဟာ မီးပူဇော်ပွဲ(Aarti)အတွက် အဆင်သင့်ဖြစ်နေလေပြီ။
ညစ်နွမ်းမှု, ဖြူစင်မှု, မှောင်မိုက်မှု, လင်းလက်မှု, အပြန်အလှန် ရောယှက်မှုတွေနဲ့ ဂင်္ဂါတခါးကနေ ပြန်ခဲ့ရတယ်…။
အပြန်လမ်းကတော့ မှုန်ဝါးဝါး…
နှလုံးသားထဲမှာတော့ စကားတစ်ရပ်က ၀ိုးတ၀ါး…
သိနာတော အန္တရေန သိနာနေန။
အဇ္ဈတ္တရေချိုးခြင်းဖြင့် ရေချိုးပြီးသူ။
0 Comments
uj
တော်တော် လုပ်ထားပါလား..။ လိပ်ထွက်နေတာပဲဆရာနတ်ရေ..။
ပန်ဒိုရာ
ဂင်္ဂါက လေးနက်ခြင်းတွေနဲ့ လှနေမှာပါ။ ဂဂါင်္တံခါးကို အီလက်ထရွန်းနစ်လှိုင်းတွေထဲ ယူခေါ်ဖွင့်ပေးသူရဲ့ ခံစားချက်တွေကလည်း လှနေတယ်။ လှစ်ပေးထားတဲ့ ဂင်္ဂါမြစ်ထဲမှာ နှစ်ခေါက်တိတိ ရေချိုးသွားခဲ့ပါတယ်။
မောနေယျ
မနက်ခင်းကလည်း ဝေေ၀ပါး
အပြန်လမ်းကလည်း မှုန်ဝါးဝါး
အဇ္ဈတ္တရေလာချိုးသူ(စာဖတ်သူ) ကလည်း တုံဖျားဖျား