Asoka Inscription,  Asoka Step,  Travel

ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၁)

asoka's footsteps on Yamuna

Indiaနိုင်ငံ Uttarakhandပြည်နယ် Lower Himalayaတောင်တန်း ပင်လယ်ရေပြင်အထက် ပေ၂၁၀၀၀ခန့် အမြင့်ရှိ Yamunotriရေခဲမြစ်မှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttar Pradeshပြည်နယ် Allahabadမြို့တွင် ဂင်္ဂါမြစ်ထဲသို့ စီးဝင်သွားသည်။ ကီလိုမီတာ ၁၄၀၀ခန့် ရှည်လျားသည့် ယမုနာမြစ်သည် Indiaနိုင်ငံ၏ ရှေးဟောင်း ခေတ်သစ်သမိုင်းတို့ကို သယ်ဆောင်စီးမျှောလျက်ရှိသည်မှာ ရာစုနှစ်ပေါင်းများစွာ ရှိနေပြီ။

ယမုနာမြစ်တစ်ကြောနှင့် ပတ်သက်သော Indiaနိုင်ငံ၏ သမိုင်းကြောင်းများထဲမှ ရာဇဝင်တွင် အထင်ကရ ဘုရင်တစ်ပါးဖြစ်သည့် အသောကနှင့် ပတ်သက်သော အချက်အလက်များကို အထူးပြု၍ ပြောလိုသည်။ စာပေကျမ်းဂန်ထဲမှ အချက်အလက်များနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိချက်များသည် အသောကမင်း၏ စံတင်လောက်သော ခမ်းနားကြီးကြယ်မှုကို အထောက်အပံ့ပြုနေကို တွေ့ရမည်ဖြစ်သည်။ ထိုတွင် ရှေးဟောင်းအထောက်အထား ခိုင်လုံစွာ ပြနိုင်သည့် အသောကကျောက်စာများသည် အသောကသုတေသီတို့အတွက် အလွန် အရေးပါသည့် မှတ်တမ်းများ ဖြစ်နေသည်ကို တွေ့ရသည်။ B.C. ၃ရာစု မောရိမင်းနွယ် အသောကမင်း စိုးစံစဉ် ဇမ္ဗူဒိပ်၌ ရေးထိုးထားခဲ့သော ကျောက်စာများကို A.D. ၁၈ရာစုနှောင်းပိုင်းတွင် စတင် ရှာဖွေတွေ့ရှိခဲ့ကြပြီး ထိုအချိန်မှ စ၍ အသောကလေ့လာရေးဆိုင်ရာ သုတေသနလုပ်ငန်းများသည် ၂၁ရာစုတိုင် အဆက်မပြတ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ယမုနာမြစ်ရိုးတစ်လျှောက်တွင် အသောကကျောက်စာများကို ရှာဖွေတွေ့ရှိထားသည်။ မြစ်ဖျားပိုင်းတွင် (၁) Kalsiကျောက်စာကြီး၊ မြစ်လယ်ပိုင်းတွင် (၂) Delhi-Topra ကျောက်စာတိုင်ကြီး၊ (၃) Delhi-Meerut ကျောက်စာတိုင်ကြီး၊ (၄) Delhi-Bahapur ကျောက်စာငယ်၊ မြစ်ဆုံးပိုင်းတွင် (၅) Allahabad-Kosam ကျောက်စာတိုင်ကြီး၊ (၆) Kosambiကျောက်စာတိုင်ငယ်နှင့် (၇) Queenကျောက်စာတိုင်ငယ်တို့ ရှိကြသည်။

အိန္ဒိယတွင် နေထိုင်စဉ်ကာလ ဆယ်စုနှစ် သုံးပုံနှစ်ပုံအတွင်း သွားရင်းလာရင်းဖြင့် ယမုနာမြစ်ဖျားမှ မြစ်ဆုံးပိုင်းအထိ ရောက်ခဲ့သည်။ ဦးစွာ မြစ်လယ်ပိုင်းကို  ရောက်ခဲ့ပြီးမှ နှစ်အနည်းငယ် နေခဲ့ရသည်။ ထို့နောက် မြစ်ဆုံးပိုင်းကို ရောက်ဖူးခဲ့သည်။ နောက်ဆုံးမှသာ မြစ်ဖျားပိုင်းကို ရောက်ရှိပြီး ယမုနာမြစ်တစ်ကြောရှိ ကျောက်စာများကို အစီအစဉ်အတိုင်း မြင်မိသည်။ လောက-ဓမ္မ-သဘာဝအနှစ်သာရ အပြည့်ပါ့သည့် အသောကကျောက်စာများ ရှိရာသို့ ရောက်ဖြစ်ခဲ့သည်မှာ အလွန် ကြည်နူးဖွယ်ရာ ကောင်းလှသည်။

ယမုနာမြစ်ကမ်းနှင့် မလှမ်းမကမ်းတွင် နေထိုင်ရင်း ယမုနာရေစီးသံကို နာခံရင်းဖြင့် ပိဋကတ်တော်လာ အသောကနှင့် ကျောက်စာလာ အသောကတို့၏ အနေအထားကို တိုက်ဆိုင်ကြည့်ရှုခြင်း၊ ပိဋကတ်စာနှင့် ကျောက်စာကို ယှဉ်တွဲလေ့လာခြင်း၊ ဗုဒ္ဓဓမ္မနှင့် အသောကဓမ္မတို့၏ သဘောတရားများကို နှိုင်းဆသုံးသပ်ခြင်းစသည့် အသောကလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့် ရနေသည်မှာ အလွန်ပင် ကံကောင်းလှသည်ဟုပင် မှတ်ထင်မိသည်။

ခရီးထွက်ဖြစ်သည့်အခါတိုင်း အလျဉ်းသင့်သလို Blogပေါ်တွင် postများ တင်ဖြစ်သည့်အတွက် အသောကကျောက်စာများနှင့် ပတ်သက်သည့် အချက်အလက်အချို့၊ ဓာတ်ပုံအချို့မှာ တင်ပြီးသားဖြစ်သော်လည်း ယမုနာတစ်ကြောရှိ အသောကကျောက်စာများကို သီးခြားထပ်၍ ပြောလိုသည့်အတွက် ယမုနာကမ်းပါးရှိ အသောကခြေရာတို့ကို စုဆောင်းခြေရာကောက်ရခြင်းဖြစ်သည်။ ရာစုသစ်တွင် ယမုနာမြစ်ရေသည် နောက်ကျိကျိ ဖြစ်နေပြီ။ အသောကခြေရာသည်လည်း ပျောက်လုလု ဖြစ်နေပြီ။

[googlemaps https://maps.google.com/maps/ms?msa=0&msid=206102350906894913692.0004d25c1fc6524d9fbd8&hl=en&ie=UTF8&t=m&ll=27.605671,80.068359&spn=13.606521,18.676758&z=5&output=embed&w=425&h=350]

0 Comments

  • nayla

    (အသောကလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့် ရနေသည်မှာ အလွန်ပင် ကံကောင်းလှသည်ဟု) ဆိုသောကြောင့် မလျှော့သော စိတ်ဓာတ်ဖြင့် ခေတ်သစ်အာသောက ဖြစ်အောင် ဆက်လက်ကြိုးစားတော်မူပါကုန်—

Leave a Reply

Your email address will not be published. Required fields are marked *